ကျွန်တော်နှင့် မူးယစ်ဆေးဝါး အန္တရာယ်


 

ကျွန်တော်နှင့် မူးယစ်ဆေးဝါး အန္တရာယ်

ကျွန်တော် သိသော ဘိန်း

ထို စကားလုံးကား တစ်လုံးတည်းပေမယ့် လူမှုပတ်ဝန်းကျင် တွင် တွင်ကျယ်လှသော စကားလုံးဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ် ကလေးဘဝအရွယ် ကပင် နေ့စဉ်နှင့် အမျှ ကြားနေရသော ဝေါဟာရများ တွင် ထိုစကားလုံးမှာ အကြားရဆုံး ဝေါဟာရ တစ်ခုဖြစ်မည်ထင်။

ဟဲ့ ကလေး အပြင်မထွက်နဲ့ နင့် ဘိန်းစား ဖမ်းသွားမယ်ဆိုသော စကားမျိုးမှ အစဟေ့ကောင် အလုပ်ကို ဘိန်းစားလို လုပ်မနေနဲ့” “ဒီကောင် အလုပ်လုပ်နေတာကလဲကွာ ခါးမကျိုးလိုက်တာ ဘိန်းမစားရသေးလို့လား” “ဟှောင့် အလုပ်ကို သေချာလုပ် မင်းကို ဘိန်းခြံပေါက်ခိုင်းနေတာ မဟုတ်ဘူးစသည့် စကားမျိုးကို ငယ်ဘဝမှစ လုပ်ငန်းခွင် ဝင်ချိန်ထိ ကြားခဲ့ရဘူးသည်။

ဘိန်း…..ဘိန်းထို စကားလုံးကို ခနခန ကြားဖူးနေသော်လည်း ထို ဘိန်းဆိုသည်မှာ မည်သို့သောအရာဖြစ်သည် မည်သို့သော စွမ်းပကားရှိသည် မသိ။ ခုနောက်ပိုင်း ခုနှစ်များတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆည်းရမိမှုမှာ ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။ ဖမ်းဆည်းရမိသည့် ပမာဏမှာလည်း များပြားလာသည်ကို သတိထားမိလာခဲ့သည်။ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ ပြဿနာများ ကိုလည်း မကြာခဏ တွေ့မြင်လာကြရသည်။ ယနေ့ခေတ် လူငယ်များမှာ မူးယစ်ဆေးဝါး အန္တရာယ်၏ ခြိမ်းခြောက်မှုအောက်တွင် လမ်းပျောက်နေကြရသည်။ ၎င်းမူးယစ်ဆေးဝါးများသည် ဘယ်ကနေ ခြေထောက်ပေါက်၍ ရောက်လာသနည်း။ မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းကို ပြန်လေ့လာကြည့်ကြပါစို့…………

 

မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးဆိုသည်မှာ ကျွန်တော်တို့ အလွယ်တကူ ခေါ်ဆိုကြသော ဘိန်း၊ ခုနောက်ပိုင်း အင်မတန်ခေတ်စားလာသော ရာမ/ရာဘ ၊ ဘိန်းဖြူ ခေါ် အဆင့်မြှင့်တင် ထားပြီးသော နံပါတ်ဖိုး၊ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ရှိကြသည်။

မူးယစ်ဆေးဝါးကို အမျိုးအစား () မျိုးခွဲခြား၍ရသည်……….

၁။ အပြင်းစား မူးယစ်ဆေးဝါးများ

 (ဘိန်းမည်း၊ဘိန်းဖြူ၊ဘိန်းဆီ၊မော်ဖင်း၊ပက်သဒင်း၊ကိုကင်း၊ချောင်းဆိုးပျောက်ဆေး)၊ ကိုမီသာဇင်၊ဖင်ဆီဒိုင်း၊ဒိုင်ယာဇီပင်၊စိတ်ကြွဆေး၊ရာမ၊ရာဘ၊ICE၊အက်စတာဆီ၊ အိပ်ဆေး၊ မက်သာကွာဒုံး၊ အက်ဖက်တမင်း) စသည်တို့ဖြစ်ပြီး

၂။ အပျော့စား မူးယစ်ဆေးဝါးများ

(အရက်၊ဘီယာ၊ဆေးခြောက်၊ကော်အမျိုးမျိုး၊ ဓါတ်ဆီ၊ရေနံဆီ၊ အရက်ပျံ၊ တင်နာ၊ ဆေးလိပ်၊ ကွမ်းယာ၊  ရှီးခါး) စသည်ဖြင့် ခွဲခြား၍ရသည်။

၎င်းအပြင် သဘောသဘာဝအရအလိုက် အုပ်စု ခွဲခြားနိုင်ပေသည်။

အဓိကအုပ်စုကြီး (၃)ခု

၁။ သဘာဝအလျှောက်ဖြစ်ပေါ်သည့် မူးယစ်ဆေးဝါး (ဥပမာ-ဘိန်း၊ ဆေးခြောက်၊...

၂။ တစ်စိတ်တစ်ပိုင်းဓါတ်ပြုခြင်းမှ ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး (ဘိန်းဖြူ၊.... )

၃။ ဓါတ်ပြုပစ္စည်းများဖြင့် ဓါတ်ပြုခြင်းမှ ထွက်ပေါ်လာသော မူးယစ်ဆေးဝါး (စိတ်ကြွရူး သွပ်ဆေး၊  စိတ်ပြောင်းဆေး၊

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှလဲ အောက်ပါအတိုင်း အုပ်စု ( )ခု ခွဲခြားထားသည်။

၁။ အရက်အမျိုးမျိုး၊ ဒိုင်ယာ (အိပ်ဆေး၊ စိတ်ငြိမ်ဆေးအုပ်စု)

၂။ ဆေးခြောက်အုပ်စု(အရွက်၊အဆီ)

၃။ ဘိန်းအုပ်စု(ဘိန်းမဲ၊ကော်မီးသာဇင်၊ ဖင်စီဒိုင်း၊ဘိန်းဖြူ၊မော်ဖင်း၊ပက်သဒင်း)

၄။ စိတ်ကြွစေသောဆေးဝါးအုပ်စု(အက်ဖက်တမင်း၊မက်သဒရင်း)

၅။ ကိုကင်း(ကိုကာအရွက်၊အမှုန့်၊ အခဲ)

၆။ စိတ်ခြောက်ခြားစေသောဆေးများ(L-S-D၊ မက်စကလင်း)

၇။ ခပ် လို့ခေါ်သည့်ဆေး(တောင်အမေရိက/အရှေ့အလယ်ပိုင်းအသုံးများ)

၈။ အငွေ့ပျံလွယ်တဲ့အရည်(အီသာ၊ကလိုရိုဖောင်း၊အရက်ပျံ၊ရေနံဆီ၊ဓါတ်ဆီ၊တင်ဒါ၊ ကော်အမျိုးမျိုး) ဟူ၍ ခွဲခြားထားသည်။

 

ဥပဒေ ကမှု ဤသို့ ဖွင့်ဆိုသည်ကို တွေ့ရသည်။

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ပြဌန်းသော (ဥပဒေအမှတ် ၁/၉၃) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ တွင် မူးယစ်ဆေးဝါးနှင့် ပါတ်သတ်၍ ဤသို့ အဓိပ္ပယ် ဖွင့်ဆိုထားသည်ကို တွေ့ရသည်။

 


(က)    မူးယစ်ဆေးဝါးဆိုသည်မှာ အောက်ပါတစ်ခုခုကို ဆိုလိုသည်။

            ()။ ဘိန်းပင်၊ကိုကားပင်၊ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာန (ယခု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန) မှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မူးယစ် ဆေးဝါးဖြစ်သည်ဟု ကြေငြာထားသည့် အပင်တစ်မျိုးမျိုး၊ ယင်း အပင်တစ်မျိုးမျိုးမှ ထွက်ရှိသော သို့မဟုတ် ထုတ်လုပ်သော အရာဝတ္ထုများ၊ဆေးဝါးများ၊

            ()      ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မူးယစ် ဆေးဝါး ဖြစ်သည်ဟု ကြေငြာထားသည့် ဆေးဝါးများ၊ ယင်းဆေးဝါး တစ်မျိုးမျိုး ပါဝင်သည့် ဆေးဝါးများ၊

()      စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုသည်မှာ ကျန်းမာရေးဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ ဖြစ်သည်ဟု ကြေငြာထားသည့် ဆေးဝါးများကို ဆိုသည်။

            ဘိန်း ဆိုသောအရာသည် မြန်မာနိုင်ငံတွင် စတင်ခဲ့သော မြန်မာ့ထွက်ကုန် တစ်ခု မဟုတ်ပေ။ သို့ဆိုပါလျှင် မြန်မာနိုင်ငံတွင် ဘိန်းဘယ်က ရောက်ရှိ လာခဲ့သနည်း အဘယ်ကြောင့် တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ် လာကြသနည်း  ဘိန်း၏ မူလဇစ်မြစ်သည် ဘယ်ကစလာသနည်း စသည့် စသည့် မေးခွန်းပေါင်းများစွာကို ပြန်လှန်ရှာဖွေ အဖြေထုတ်ကြည့်မည်ဆိုပါက …………

            ဘိန်းကို မူရင်းဒေသတွင် အိဖွန် ဟုခေါ်ဆိုကြသည်။ ပါဠိဘာသာ စကားတွင်မှု အိဟိဖန ဟုခေါ်ဆိုကြ၍ သက္ကရိုက် ဘာသာဖြင့်ကား အိဖေန ဟု ခေါ်ဆိုကြပြီး မြန်မာ တို့ကား ဘိန်း ဟု ခေါ်ဆိုကြပြန်သည်။ အိန္ဒိယဘာသာ စကားတွင်မူ အဖိန်း ဟုခေါ်ဆိုကြသည်။ ၎င်း ဘိန်းသည် ဥရောပတိုက် မြေထဲပင်လယ်ဒေသ နှင့် အာရှမိုင်းနား ဒေသမှ အိန္ဒိယကို ဖြတ်၍ မြန်မာနိုင်ငံတို့ ရေလမ်းခရီးဖြင့် ရောက်ရှိလာသည့် ပစ္စည်းဖြစ်သည်။ မိမိလေ့လာခဲ့မိသော ပညာရှင်များ၏ အဆိုအရ ကျောက်ခေတ် ၏ ခေတ်သစ် ကာလကပင် မြေထဲပင်လယ်ဒေသကို ဝန်းရံထားသည့် တောင်ကုန်းများတွင် သူ့ သဘာဝအလျောက် ဘိန်းပင်များ ပေါက်ရောက်နေခဲ့သည် ဆို၏။ ခရစ်တော် မပေါ်မီ အနှစ်တစ်ထောင်ဝန်းကျင်ခန့်ကစ၍ သမားတော်များသည် ဘိန်း ကို အဖိုးတန်ဆေးဝါးတစ်ရပ်အဖြစ် ဆေးကုသခြင်းဆိုင်ရာတွင် အသုံးပြုခဲ့ကြသည်။ ဂရိ နှင့် ရောမခေတ် တွင်လဲ ဆေးဝါး အနေဖြင့် သုံးစွဲခဲ့သည်ကို တွေ့ရှိရသည်။ ခရစ်တော်ပေါ်ပြီး နောက်တွင်မှု မူရင်းဒေသ မြေထဲပင်လယ်ပတ်ဝန်းကျင်မှ အရှေ့ဘက် အိန္ဒိယနှင့် တရုတ်ပြည်အထိ ပြန့်ပွားလာခဲ့သည်။ တရုတ်ပြည် ယူနန်နယ်မှတဆင့် ရွှေတြိဂံဒေသနယ်မြေ (မြန်မာ၊လာအို၊ယိုးဒယား(ထိုင်း) သုံးနိုင်ငံ စပ်ကြား ဒေသ) သို့ ရောက်ရှိလာခဲ့သည်ဟုလည်း ဆိုကြပေသည်။ မြန်မာနိုင်ငံသို့ (၁၆) ရာစု ဝန်းကျင်တွင် ရောက်ရှိလာခဲ့သည်။

            မြန်မာနိုင်ငံတွင် တောင်ငူခေတ် (ခရစ် သက္ကရဇ် ၁၅၁၅ ခုနှစ်ခန့်) တွင် ပေါ်တူကီ နိုင်ငံသားများသည် မြန်မာနိုင်ငံ မုတ္တမ ဝန်းကျင်တွင် ရောက်ရှိအခြေချ နေထိုင်ခဲ့ကြသည်။ ၎င်းတို့နှင့် အတူ ဘိန်း စတင်ပါလာခဲ့သည် ဆိုကြသည်။ ၁၅၈၀ ခုနှစ်တွင် အီတလီနိုင်ငံ ဗင်းနစ်မြို့သား ဆီဇာဖရက်ဒရစ် သည် မြန်မာနိုင်ငံတို့ အလည်လာရောက်ခဲ့ရမှာမှ ပဲခူးတွင် ဘိန်း အရောင်းအဝယ် ပြုလုပ်ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပေသည်။ ၁၆၁၃ ခုနှစ်တွင် ဒတ်ချ် ကုမ္ပဏီတစ်ခုမှ မလက္ကာမြို့တော်တွင် ဘိန်းအရောင်းအဝယ်ပြုလုပ်ရာ  နှစ်စဉ် ဘိန်း ပေါင် ၂၀၀ ခန့်  အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ထို ဘိန်းကို ယိုးဒယား(ထိုင်း) နှင့် မြန်မာနိုင်ငံ ပဲခူးတိုင်း အတွင်းသို့ ရောင်းဝယ်ဖောက်ကားခဲ့ကြရာ အမြတ်အစွန်းများစွာ ရရှိခဲ့ကြကြောင်း ကုမ္ပဏီ၏ မှတ်တမ်းတွင် တွေ့ရှိခဲ့ရသည်။ ၁၈၄၂ ခုနှစ် ပထမ ကျူးကျော်စစ် (အင်္ဂလိပ်/မြန်မာ) အပြီးတွင် မြန်မာတို့ ဆုံးရှုံးသွားသော ရခိုင်နှင့် တနင်္သာရီဒေသတွင် အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့တို့သည် လိုင်စင်ရ ဘိန်းခန်းများကို တရားဝင် ဖွင့်လှစ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဇာတ်ရှုပ်ကြီးတွင် မြန်မာ့နိုင်ငံရေးသည်လဲ အခြေခံမှ ပါဝင်နေသည်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအားဖြင့် အစဉ်အလာကြီးမားကြသော တိုင်းရင်းသား လူမျိုးများမှာ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်လဲ အင်မတန် မြင့်မားကြသည်။ အမျိုး ဘာသာ သာသနာကို လွန်စွာချစ်မြတ်နိုးကြသော မြန်မာတိုင်းရင်းသားများ၏ စွမ်းရည်များကို ရိုက်ချိုးဖျက်စီးရန်နှင့် ကိုလိုနီယန္တရား သက်ဆိုးရှည်စေရန် ဘိန်း ဆိုသော မူးယစ်ဆေးဝါးကို စိုက်ပျိုးထုတ်လုပ်၍ အသုံးချခဲ့သည်။ ယခုအချိန်ကာလ နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်လာသည်အထိ မြန်မာနိုင်ငံသားများသည် ဘိန်း ၏ဆိုးကျိုးကို ခံစားနေကြရသေးသည်။ဤနေရာတွင် ဘိန်းဖြူခေါ် နံပါတ်ဖိုး အဆင့်သို့ ရောက်သည်အထိ ဘိန်းကို အဆင်မြှင့်တင် ချက်လုပ်ပုံကို လေ့လာကြည့်ရာ…………….

ဘိန်းစိုက်ပျိုးခြင်းနှင့် ချက်လုပ်ပုံ

            နှစ်စဉ် စက်တင်ဘာ အောက်တိုဘာလ များတွင် ဘိန်းစိုက်ပျိုးရန် ပြုပြင်ထားသောမြေကွက်များ၌ ဘိန်းစေ့များကို ကျဲဖြန့် စိုက်ပျိုးကြသည်။ အမြင့် သုံးပေ လေးပေခန့်တွင် ပင်မရိုးတံနှင့် ဘေးတွင်အခက်အလက်များထွက်လာသည်။ စိုက်ပျိုးပြီး သုံးလခန့်ကြာသော် ဘိန်းပင်များတွင် အလွန်လှပသော အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင် အပွင့်များ ပွင့်လာပြီး ပွင့်ချပ်များကြွေကျသွားသောအခါ ဘဲဥပုံရှိသော ဘိန်းသီးများ ထွက်ပေါ်လာသည်။ ထို ဘိန်းသီးထဲတွင် အဖြူရောင် အစေးများ ရှိပြီး ထိုအစေးများကပင် ဘိန်း ဖြစ်သည်။ ထို ဘိန်းသီးကို သုံးမြှောင်ဓားလေးဖြင့် အရာပေးလိုက်ရာ အစေးများထွက်ရှိလာပြီး ထိုအစေးကို ခြစ်ယူလိုက်ပြီးနောက် ခဲသွားသည်နှင့် တပြိုင်နက် ညိုမည်းမည်း အရောင်ပြောင်း သွားလေသည်။ ထိုအရာကား ဘိန်းစိမ်း ပင် ဖြစ်သည်။ ထိုဘိန်းစိမ်းကို မသယ်ဆောင်မှီ ထိုဘိန်းခင်းအနီးနားမှာပင် မော်ဖိန်း ဖြစ်အောင် ချက်လုပ်သန့်စင် ကြသည်။ အတော်အသင့်ပူနေသော သံစည်ရေနွေးအိုးကြီးထဲသို့ ဘိန်းစိမ်းများကို လောင်းထည့်ပြီး ပျော်ဝင်သွားသည်အထိ မွှေရသည်။ ဘိန်းစိမ်းပျော်ဝင်နေသော အရည်ပူထဲသို့ မဖောက်ထုံးကို လောင်းထည့်လိုက်သောအခါ ဘိန်းဖျော်ရည်ထဲမှ အညစ်ကြေးများ အနည်ထိုင်သွားပြီးနောက် အပေါ်ယံတွင် အဖြူရောင် ဘိန်းဆီများ ဝေ့တက်လာသည်။ ထိုအရည်ကို ခပ်ယူပြီးနောက် အမှိုက်သရိုက်များကို စစ်ထုတ်ရသည်။ စစ်ထုတ်ပြီးသော ဖျော်ရည်အဆီကို နောက် အိုးတစ်လုံးတွင် ထပ်မံကြိုချက်၍ ဇဝက်သာအပြင်း ထည့်မွှေလိုက်သော် ဘိန်းစိမ်းမှ ဖြစ်လာသော မော်ဖိန်းသည် ခဲလာပြီးနောက် အနည်ထိုင်ကျသွားသည်။ ၎င်းကို ဖလန်ထည်စဖြင့် အရည်ညစ်ထုတ်လိုက်သောအခါ အဖြူရောင် မော်ဖိန်းခဲကို ရရှိပေသည်။ ထိုမော်ဖိန်းအခဲများကို သယ်ဆောင်၍ ဘိန်းဖြူချက် စက်ရုံသို့ ပို့ဆောင်ပြီးနောက် နံပါတ် () အဆင့် ဘိန်းဖြူကို ချက်လုပ်ကြသည်။(ဘိန်းစိမ်း တစ်ဆယ်ကီလို ချက်လျှင် မော်ဖိန်း တစ်ကီလိုသာ ရ၏)

            ဘိန်းဖြူစက်ရုံတွင် မော်ဖိန်း ဆယ်ကီလိုနှင့် အက်ဆီတစ် အင်ဟိုက်ဒရိုက် (Acetic-Anhydride) ဆယ်ကီလို ကို ဖန်အိုး သို့မဟုတ် ကြွေရည်သုတ်အိုးတွင် ထည့်၍ အပူချိန် ၁၈၅ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုချက်ရသည်။ () နာရီကြာ ကြိုချက်လိုက်သောအခါ မော်ဖိန်းနှင့် အက်ဆစ် ဒြပ်ပေါင်းသွားပြီးနောက် မသန့်စင်သေးသော ဒိုင်ဆက်တိုင်းမော်ဖိန်း (Diacetyl morphine) ဟုခေါ်သော ဟီးရိုးအင်း (Heroin) ဒြပ်ပေါင်းကို ရရှိသည်။ ထိုဒြပ်ပေါင်းကို ရေနှင့် မေ့ဆေး (Chloroform) တို့ရောစပ်ထားသော ဖျော်ရည်ဖြင့် အညစ်အကြေးများကို သန့်စင်ပြီးနောက် အဆင့်မြင့်သော ဒိုင်ဆက်တိုင်း မော်ဖိန်း ဖြစ်လာသည်။

            ၎င်းနောက် ထို ဒိုင်ဆက်တိုင်းမော်ဖိန်းဖျော်ရည်တွင် ဆိုဒီယမ်ကာဗွန်နိတ် (Sodium Corbonate) ထည့်၍ မွှေလိုက်ပါက အရည်မှ အခဲအဖြစ်ပြောင်းလဲအနည်ထိုင်လာသည့် ဟီးရိုးအင်း အခဲကို ရရှိသည်။

            ဟီးရိုးအင်း အခဲကို စစ်ယူပြီးနောက် အရက်ပြန်ဖျော်ရည်နှင့် ရော၍ မီးသွေးမီးဖြင့် ပြန်ချက်ပါက အရက်ပြန်အရည်များ အငွေ့ပြန်သွားသောအခါ သန့်စင်သည့် ဟီးရိုးအင်းအခဲလေးများကို ရရှိသည်။

            ထိုသန့်စင်ထားသော ဟီးရိုးအင်းအခဲလေးများအား ဖန်ဗူးတွင်ထည့်၍ အရက်ပြန်ဖြင့် ပြန်ဖျော်ရသည်။ ထိုဖျော်ရည်ကို အီသာနှင့် ဟိုက်ဒရိုကရစ်အက်စစ် ဖျော်ရည်တို့ ရောစပ်လိုက်သောအခါတွင် သေးငယ်သော အဖြူရောင် အဖတ်လေးများ ဖြစ်လာသည်။ ၎င်းအဖတ်လေးများကို စစ်ယူပြီးနောက် ဓာတုဗေဒနည်းဖြင့် အပူပေးခြောက်သွေ့စေလိုက်သောအခါ နံပါတ်() အဆင့် သန့်စင်ပြီးသော ဘိန်းဖြူကို ရရှိလေသည်။(ထိုအဆင့် ဘိန်းဖြူတွင် ဘိန်းအစစ် ရှစ်ဆယ်မှာ ကိုးဆယ်ရာခိုင်နှုန်းထိ ပါဝင်သည်)(ဘိန်းဖြူချက်စက်ရုံတစ်ခုတွင် တစ်ရက်လျှင် ဘိန်းဖြူ တစ်ဆယ်ကီလိုသာ ချက်ကြသည်။)

            ယခုကာလတွင်မူ ရာမ ခေါ် မြင်းဆေး၊ ရာဘ ခေါ် စိတ်ကြွရူးသွပ်ဆေးပြားများလဲ ခေတ်စားလာခဲ့သည်။ ပြုလုပ် သယ်ဆောင် ရောင်းဝယ်ရ လွယ်ကူခြင်း ကုန်ကျစရိတ် သက်သာခြင်းတို့အပြင် ဝယ်ယူရ ဈေးသက်သာခြင်းများကြောင့် ပိုမို တွင်ကျယ်လာခဲ့သည်။ ၎င်းတို့သည် အမှန်တကယ်တွင် အမ်ဖီတမင်းနှင့် မီသဖီတမင်း ဆေးပြားများ ဖြစ်ကြပြီး ဘိန်းဖြူချက်ရာတွင် ပါဝင်သော ဓာတုဗေဒဆေးများလဲပါဝင်သည်။

 မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးနှင့် ပတ်သတ်၍ နိုင်ငံခြားသားများ ပါဝင်ပတ်သတ်နေပုံ စိုးမိုးချယ်လှယ်ကြပုံ၊ မြန်မာ့နိုင်ငံရေး အခြေအနေနှင့် မူးယစ်ဆေးဝါး ဆက်သွယ်နေမှု များကို လေ့လာကြည့်မည်ဆိုလျှင် Alfred W.Macoy Hrroin Politics in Southeast Asia ကို ဦးတင်မောင်ရင် (မဟာဝိဇ္ဇာ)  မှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည့် ရွှေတြိဂံနယ်မြေက ဘိန်းဖြူ သံသရာ စာအုပ်တွင် အောက်ပါ အတိုင်း တွေ့ရှိလေ့လာနိုင်သည်။

            အရှေ့တောင်အာရှတွင် ဘိန်းစိုက်ပျိုးရေး၊ဘိန်းဖြူထုတ်လုပ်ရေး၊ကြီးထွားလာရေး ကို အမေရိကန် နိုင်ငံခြားရေးဝါဒ ကပင် အားပေးခဲ့သည်။ ၁၉၅၀ ခန့်မှ စ၍ မြန်မာပြည်ရောက် ကူမင်တန် တပ်ပြေးများကို အမေရိကန်က ထောက်ခံခဲ့သည်။ စစ်ရေးမကျွမ်းကျင်သော ကူမင်တန်တို့သည် ရှမ်းပြည်ဒေသမှ ဘိန်း အထွက်တိုးရေးကို ကြိုးပမ်းကာ ၎င်းတို့ကမူ ဘိန်းမှောင်ခို လုပ်ငန်းကို လက်ဝါးကြီးအုပ် လုပ်ကိုင်ကြလေသည်။ လာအိုတွင် ဘိန်းဖြူထုတ်လုပ်ကာ ဘိန်းဖြူမှောင်ခို လုပ်နေကြသည့် မြိုခေါင်းဆောင်များကိုပင် တပ်မှူးများခန့်ကာ ကြေးစားတပ်ဖွဲ့များကို ဖွဲ့စည်းပေးခဲ့သည်။ မှောင်ခိုထိပ်သီးများဖြင့် ဖွဲ့စည်းထား သည့် အစိုးရဝန်ကြီးများနှင့် အရာရှိကြီးများကိုယ်တိုင် ဘိန်းမှောင်ခို လုပ်နေသည့် တောင်ဗီယက်နမ် အစိုးရ၊ လာအို လက်ယာအစိုးရနှင့် ယိုးဒယား အစိုးရတို့ကို C.I.A က ထောက်ခံအားပေးခဲ့သည်။ ရှမ်းပြည်နယ်မှ တဆင့် ယူနန်နယ်အတွင်း၌ သူလျှိုလုပ်ငန်းလုပ်ဆောင်ရာတွင် C.I.A သည် ရှမ်းသူပုန်များကို တစ်စိတ်တစ်ဒေသ အားကိုးခဲ့သည်။ ထို ရှမ်းတို့က ဘိန်း မှောင်ခိုလုပ်သည်။ C.I.A က ထို သူပုန်တို့ကို အားပေးသည်။ C.I.A က ထောက်ခံထားသည့် လာအိုမှ စစ်အရာရှိတို့က လက်နက်များကို မြန်မာပြည်တို့ မှောင်ခိုသွင်းသည်။ ရှမ်းပြည်နယ်မှ သောင်းကျန်းသူတို့က ဘိန်းနှင့် လက်နက် အလဲအလှယ် လုပ်ကြသည်။ ဤတွင် ရှမ်းပြည်နယ်၌ ဆူပူမှုက သက်ဆိုးရှည်လာသည်။ C.I.A တို့ ရှမ်းပြည်နယ်ကို တံခါးမရှိ ဓားမရှိ ဝင်ရောက်ကာ ယူနန်နယ်တွင် သူလျှို လုပ်ကြသည်။ ဆူပူမှု သက်ဆိုးရှည်နေသည့် အတွက်လည်း ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု မှောင်ခိုမှုတို့ တိုးပွားလာသည်။ ၁၉၆၉ ခုနှစ်တွင် ရွှေတြိဂံနယ်မြေဟု ခေါ်တွင်သည့် မြန်မာ၊လာအို၊ ယိုးဒယား (ထိုင်း) သုံးပွင့်ဆိုင် နယ်နိမိတ်ဆုံရာ ဒေသတွင် ဘိန်းစိုက်ပျိုးရုံသာမက ဘိန်းဖြူချက်စက်ရုံများပါ မှိုလိုပေါက်လာခဲ့သည်။ ဘိန်းဖြူကို အကန့်အသတ်မရှိ ထုတ်လုပ်လာကြတော့သည်။ C.I.A က ထောက်ခံထားသည့် လာအို၊ ယိုးဒယားနှင့် တောင်ဗီယက်နမ် နိုင်ငံတို့မှ ထိပ်တန်း အရာရှိများက နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခို လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်လာကြသည်။ ဘိန်းမှောင်ခို လုပ်ငန်းကို C.I.A က လက်ပိုက်ကြည့်ရုံသာမက မှောင်ခိုဘိန်းများ ကိုပင် C.I.A လေယာဉ်များဖြင့် သယ်ဆောင်ပေးခဲ့သေးသည်။ ထို့ကြောင့် စစ်အေးခေတ် ဘိန်းဖြူရောဂါသည် C.I.A ၏ စစ်အေး နည်းဗျူဟာ၌ တစ်စိတ်တစ်ဒေသအားဖြင့် တာဝန်ရှိပေသည်။ ဟူ၍ ရေးသား ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ ၎င်း စာအုပ်၌ပင် ၁၉၅၀ နှောင်းပိုင်းတွင် ရွှေတြိဂံနယ်မြေ၏ ဘိန်းဖြူထုတ်လုပ်မှုမှာ နှစ်စဉ် ဘိန်းတန်ချိန် တစ်ထောင်ခန့် ထုတ်လုပ်ခဲ့ရာ တစ်ကမ္ဘာလုံးရှိ ဥပဒေမဲ့ ဘိန်းထုတ်လုပ်မှု၏ ၇၀ရာခိုင်နှုန်းခန့် ရှိသည်ဟုပင် ဆိုသည်။

            မြန်မာနိုင်ငံသည် ၁၉၄၈ ဇန်နဝါရီလ ၄ ရက် နေ့တွင် လွတ်လပ်သော အချုပ်အချာအာဏာပိုင် နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေးသည် လွန်စွာကျယ်ပြန့် လာခဲ့သည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ သည် လွတ်လပ်ရေးဆိုသည်မှာ တိုက်ယူမှသာရသည် ဟူသော ယုံကြည်ချက်ဖြင့် ယခုရရှိခဲ့သော လွတ်လပ်ရေးသည် အတုအယောင် လွတ်လပ်ရေး၊ ရွှေရည်စိမ်လွတ်လပ်ရေး ဖြစ်သည်ဟု ကြွေးကြော်၍ တောခိုကာ အစိုးရကို လက်နက်ဆွဲကိုင်တော်လှန်ခဲ့ကြသည်။ အစိုးရမှ ဗမာကွန်မြူနစ်များကို ရှင်းလင်းခဲ့ရာ ပဲခူးရိုးမသို့ ခိုဝင်ခဲ့ကြပြီး အချို့မှာ ပြည်ပကွန်မြူနစ်နိုင်ငံများသို့ သွားရောက်၍ အဆက်အသွယ်ပြုလုပ်ခဲ့ကြပြီးနောက် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်ပရောက် ဗဟိုကော်မတီဝင်များ ဦးစီး၍ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ အရှေ့မြောက်စစ်ဌာနအား မုံးကိုးတွင်စတင်ဖွင့်လှစ်ခဲ့သည်။ သခင်ဘသိန်းတင် ဦးဆောင်သော ဗကပ တပ်များသည် အရှေ့မြောက်စစ်ဒေသတွင် KIA နော်ဆိုင်းတပ်များ၊ ကိုးကန့်တပ်များနှင့် ဒေသခံတိုင်းရင်းသားများကို စုစည်းနိုင် ခဲ့သည်။ ၎င်းကပြင် တစ်ဖက်နိုင်ငံမှ စစ်အကြံပေးများ၊ လက်နက်ကြီးငယ်များ၊ စစ်ပစ္စည်းများ အစုံအလင် ရရှိခဲ့သည်။ ဤသို့ဖြင့် အရှေ့မြောက်ဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များ အင်အားကြီးထွားလာခြင်းဖြင့် ဘိန်းမှောင်ခို လုပ်ငန်းများမှာလဲ ပိုမိုကြီးထွား လာခဲ့သည်။

 ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ဝန်ကြီးချုပ်အဖြစ် ဦးနု မှ တာဝန်ယူခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း မှ နိုင်ငံအာဏာကို သိမ်းယူ ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံအာဏာကို သိမ်းယူခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ၊ မိုးဟိန်းစစ်ဆင်ရေး ဟု အမည်ပေးထားသော ဘိန်းစစ်ဆင်ရေး ကြီးများကို (၁၂)ကြိမ်တိုင်အောင် ဆင်နွှဲခဲ့ကြသည်။ ၎င်း စစ်ဆင်ရေးအားလုံးကို ထိုင်း မြန်မာနယ်စပ်နှင့် မဝေးလှသော မိုင်းတုံ မိုင်းဆတ် ဒေသတွင် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် မြန်မာ့တပ်မတော်မှ မဲလုံး၊ ပေါက်ပန်း၊ နှင်းပန်း၊ တောင်ထိပ်ပန်း၊ ဟေမာန်ဦး၊ ငရဲပန်း စသော စစ်ဆင်ရေးများကို သာမက ရန်ကြီးအောင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ မဲခေါင်စစ်ဆင်ရေးကြီးများဖြင့် အသက်သွေးချွေးပေါင်း မြောက်များစွာ ရင်းနှီးပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်၍ ဘိန်းခင်းများကို ဖျက်စီးခဲ့သည်။ တောင်ရန်ရှင်းအမည်ရှိ စစ်ဆင်ရေးဖြင့် လေယာဉ်များကို အသုံးပြု၍လည်း ဘိန်းခင်းများကို ဆေးဖြန်း ဖျက်စီးခဲ့သည်။

မြန်မာနိုင်ငံတော်အစိုးရသည် ၁၉၉၉ ခုနှစ်မှ စတင်၍ ၂၀၁၄ ခုနှစ် အထိ  မူးယစ်ဆေးဝါးပပျောက်ရေး စီမံချက် (၁၅)နှစ်တာကာလကို စီမံကိန်းရေးဆွဲ၍ မူးယစ်ဆေးဝါးအန္တရာယ်ကို တိုင်းရင်းသားပြည်သူအများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း ကျွန်တော်သိသလောက်ရေးသားမှတ်တမ်းတင်ရင်း ဤ ကျွန်တော်နှင့်မူးယစ်ဆေးဝါး အန္တရာယ် (အပိုင်း ၁ )ကို ခေတ္တခဏ နိဂုံးချုပ်အပ်ပေသည်။ (နောင်အလျင်းသင့်သော အခါ မူးယစ်ဆေးဝါး၏ တိုက်ရိုက်ဆိုးကျိုးများနှင့် နောက်ကွယ်မှ သွယ်ဝိုက်ထိခိုက်နိုင်သောဆိုးကျိုးများကို သိသရွှေ့ မျှဝေပေးသွားပါဦးမည်)

ကိုရင်ပြုံးချို(ကျောက်မဲ)

 

           

Comments

Popular posts from this blog

တရေးနိုးအိပ်မက် နှင့် အနာဂတ် နိုင်ငံ