တရေးနိုးအိပ်မက် နှင့် အနာဂတ် နိုင်ငံ


                                   တရေးနိုးအိပ်မက် နှင့် အနာဂတ် နိုင်ငံ (အပိုင်း ၁ )

ဆောင်း၏ မနက်ခင်းအောက်မှာ မြို့ငယ်လေးက အိပ်မောကျနေရာမှ ရုတ်တရက် နိုးထလာခဲ့သည်။ အရှေ့ဘက်ဆီမှ တနေ့တာ တာဝန်ကို ထမ်းဆောင်မည့် နေမင်းကြီး၏ ပထမဆုံးသော ရောင်နီကို မြင်နေရပြီဖြစ်သော်လည်း တောင်ပေါ်ဒေသ ဆောင်းနှင်းမြူရိပ်ကို အံတုခြင်းငှာ မစွမ်းဆောင်နိုင်သေး။ မြို့ငယ်လေး၏ လမ်းမကြီးထက်ဝယ် လူတစ်စုကား ဆောင်းမနက်၏ အေးမြမှုကို အံတုကာ လမ်းမကြီးအတိုင်း ပြေးလွှားနေကြသည်။ အချက်ကျကျ ပြေးလွှားလှုပ်ရှားနေသော ခြေသံနှင့်အတူ အားမာန်အပြည့်ဖြင့် ဟစ်ကြွေးလာသော တိုင်ပင်ခေါ်သံတို့သည် မြို့ငယ်လေးကို ဆောင်းအိပ်မက်မှ ရုတ်တရက် နိုးထစေခဲ့တော့သည်။

            ဘာလုပ်နေလဲ” “လေ့ကျင့်နေတယ်” “ဘာလုပ်ဖို့လဲ” “ထက်မြတ်စေဖို့” “ဘာအတွက်လဲ” “အနာဂတ်အတွက်” “ဘာစိတ်ဓာတ်လဲ” “သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်

            ထိုသူ ထိုသူတို့သည်ကား

*****************

 

            ပုံမှန်နိုးထနေကြအချိန်မို့ ပထမခရာသံ က နားစည်ကို စူးရှရှရိုက်ခတ် လိုက်စဉ်မှာပင် သူအိပ်နေရာမှ ငုတ်တုတ်ထထိုင်ပြီးဖြစ်သည်။ ဆောင်းနှောင်းကာလ ဆိုပေမယ့် တောင်ပေါ်ဆောင်း၏ အငွေ့အသက်လက်ကျန်က အေးစက်စက်ပင်။ သူအိပ်ရာမှ လျှင်မြန်စွာ ထလိုက်ပြီး အိပ်ရာကို သပ်ရပ်စွာ အမြန်သိမ်းလိုက်သည်။ တန်းစီချိန်အမှီ စီတန်းနိုင်ရန် မနက်ခင်းပြုလုပ်ဖွယ် ကိစ္စ အဝဝကို အမြန်ပြုလုပ်ပြီးနောက် ယူနီဖောင်းကို သပ်ရပ်စွာဝတ်ဆင်လိုက်သည်။ ပုံမှန် ဆောင်ရွက်နေကြ လုပ်ငန်းသဖွယ်ဖြစ်နေတော့ အချိန်အနည်းငယ်အတွင်းမှာပင် သူ အတွက် အဆင်သင့်ပြင်ဆင်ပြီး ဖြစ်နေပြီအင်း ဒီနေ့ ငါက ခွဲမှူးတာဝန်ဆိုတော့ ဘယ်လို အကြောင်းကိစ္စမှ မရှိအောင် သတိထားရမယ်သူ့ အတွက် ဒီနေ့ တာဝန်မှူး အဖြစ်တာဝန်ယူရမည် ဖြစ်သည်။ ဒီလိုတာဝန်မျိုးကို သူ မထမ်းဆောင်ဖူး သော်လည်း အဆင်ပြေသွားမည်ကိုတော့ သူသိသည်။ မိမိကို မိမိ ယုံကြည်မှု ရှိဖို့ သူ့ကို ဆရာတွေက သင်ထားပေးသည်ပဲလေ။

******************

 ဝင်ခွင့်ပြုပါ ဆရာ  ဪ အေး ဝင်ခဲ့ကွာ ဆိုစမ်းပါဦးအခန်းဝဆီမှ သတိဆွဲ အလေးပြုသံနှင်အတူ ဝင်ခွင့်တောင်းသံကြောင့် အတိတ် အကြောင်းအရာ ဆီသို့ မျောလွင့်နေသော သူ့စိတ်  သူ့အတွေးများ ရပ်တန့်သွားသည်။ မော့ကြည့် လိုက်ရာ တာဝန်ကျ ရဲဘော်လေး ကို တွေ့လိုက်ရသည်။ဆရာ့ နာမည်နဲ့ ဖိတ်စာ တစ်စောင် ရောက်နေလို့ပါ ဆရာ” “ဪ အေး ညီ ဘယ်ကလဲတဲ့ ပြောသွား သေးလား” “အဲတာ တော့ မပြောသွားဘူး ဆရာ” “အေး ဟုတ်ပြီကွာ ကိုယ် ဖတ်ကြည့်လိုက်မယ်တာဝန်ကျ ရဲဘော်လေး ပြန်ထွက်သွားမှ သူဖိတ်စာကို ဖွင့်ဖတ်လိုက်သည်။

 

******************

 

ပြန်လည်ဆုံတွေ့ရခြင်း  

ဟော သူငယ်ချင်း လာကွ ငါ ဒီကို လာရမယ်ဆိုကတည်းက မင်းနဲ့တွေ့ချင် နေတာ မင်းကွာ နေနိုင်ချက် တို့တွေကို ပစ်ထားချက်က အလွန်ကြီး” “ဟာ သူငယ်ချင်း တကယ်ပဲ မင်းလားကွာ ငါ တွေးတော့တွေးမိတယ် ဟုတ်မဟုတ် မသေချာတာနဲ့” “ငါထင်ပါတယ် မင်း အံ့ဩသွားတာ မြင်ချင်လို့ တမင်ကြိုမပြောပဲ ထားတာ” “ဟား ကလဲ့စားချေတယ်ပေါ့လေ မင်းကွာ” “ဒါက တော့ မင်းက တို့ကို အရင်ပစ်ထားခဲ့တာပဲလေ ကဲပါ သူငယ်ချင်း မင်းခနတော့ ဒီမှာထိုင်ပြီး စောင့်ဦးကွာ ငါ ဧည့်သည်တချို့ ဧည့်ခံလိုက်ဦးမယ် ပြီးမှ တို့ သူငယ်ချင်း တွေ အေးဆေးစကား ပြောကြတာပေါ့” “အိုကေ သူငယ်ချင်း အေးဆေး လုပ်သူငယ်ချင်းနှင့် စကားစ ဖြတ်ပြီးနောက် စားပွဲခုံ၌ ဝင်ထိုင်လိုက်သည်။ မိမိအရင် ရောက်ရှိနေသော တစ်ယောက်ကို ပြုံးပြ နှုတ်ဆက်လိုက်ပြီး အနားမှ လည့်ထွက်သွားသော သူငယ်ချင်း၏ နောက်ကျောကို ငေးမောနေရင်း သူ့အတွေးတွေသည်……………….

******************

            ဟ ဝရိယ ကောင်းလှချည်လား သူငယ်ချင်းရ မင်းက ယူနီဖောင်းတောင် လဲပြီးနေပြီပဲ” “ပုံမှန်ပါပဲကွာ ခါတိုင်းလဲ ငါက မင်းတို့ထက် အရင်ပြင်ဆင် ပြီးတာပါပဲကွာ” “အရင်က ဟုတ်ပါတယ် ဒီနေ့ကို မင်းက စောနေတာပါ” “အေးကွာ ဒီနေ့ ငါက တာဝန်မှူးဆိုတော့ စိတ်နည်းနည်းလှုပ်ရှားနေလို့လားပဲ” “ဖြစ်ရမယ် မင်းကတော့ အေးဆေးပါကွ ဘာလောနေစရာလိုလဲ အဆင်ပြေသွားမှာပါ သူငယ်ချင်းရာ” “အေးပါ ဟုတ်ပါပြီ ကဲ မင်းတို့လဲ မြန်မြန်လုပ် တန်းစီနောက်ကျရင် မကောင်းဘူး” “အိုကေ အိုကေအခန်းဖော် သူငယ်ချင်းများကို တိုက်တွန်းရင်း သူ နံရံမှ နာရီကို တချက်လှမ်းကြည့်လိုက်သည်။ မနက် ငါးနာရီထိုးရန် ဆယ်မိနစ်သာ လိုတော့သည်။ သူ အိပ်ဆောင်မှ တန်းစီကွင်းသို့ လှမ်းထွက်လာခဲ့သည်။ ကွင်းထဲတွင် လူတစ်ချို့ ရောက်ရှိနေကြပြီ မနက်ပိုင်း တာဝန်ကျ ဆရာ ရောက်နေပြီထင်။ သူ ကွင်းအစပ်မြက်ခင်းပြင်တွင် ခနရပ်ပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ ဆောင်းလေအေး၏ ထိတွေ့မှုက လူကို လန်းဆန်းသွားစေသည်ပဲ။ သူ့နောက်မှ အသံတချို့ ကြားရ၍ လှည့်ကြည့်လိုက်ရာ သူ့အခန်းဖော် သူငယ်ချင်းများကို တွေ့လိုက်ရပြီးနောက် တဆက်တည်းမှာပင် တန်းစီ ခရာသံက နားထဲ တိုးဝင်လာ သည်။

            တာဝန်ကျ ခွဲမှူး၏ ခရာသံနှင့်အတူ အမိန့်သံက တဆက်တည်း ပါလာသည်။တပ်ဖွဲ့ တပ်စုအလိုက် တန်းစီခွဲမှူး အမိန့်သံအဆုံး ကွင်းထဲတွင် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး စက္ကန့်ပိုင်း အတွင်းမှာပင် စနစ်တကျ တန်းစီပြီး ငြိမ်သက်သွားကြသည်။တပ်စု ၁ အမျိုးသားတပ်ဖွဲ့ တန်းစီပြီး အသင့်” “တပ်စု ၂ အမျိုးသမီးတပ်ဖွဲ့ တန်းစီပြီးအသင့်” “တပ်စုအလိုက် စုမှူးများ ဆက်လုပ်

တပ်ဖွဲ့ ညာလှည့် …………ပြေးတက် ……….ဘယ် ညာ ဘယ် ညာ ဘယ် ညာ ဘယ်

ဘာလုပ်နေလဲ” “လေ့ကျင့်နေတယ်” “ဘာလုပ်ဖို့လဲ” “ထက်မြတ်စေဖို့” “ဘာအတွက်လဲ” “အနာဂတ်အတွက်” “ဘာစိတ်ဓာတ်လဲ” “သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်

******************

ဟာ သူငယ်ချင်း ဘာမှလဲ မစားမသောက်နဲ့ ဒီတိုင်းကြီး ထိုင်နေရလားသူ ဘယ်လောက်ထိ အတွေးလွန်နေသည်မသိ သူငယ်ချင်း ဘေးနားပြန်ရောက်လာမှ သူအတွေးစတို့ ပြတ်သွားသည်။ သည်တော့မှ ဘေးဘယ်ညာ လှည့်ကြည့်မိတော့ စားပွဲဝိုင်းတစ်ချို့ပင် သိမ်းစပြုနေပြီ။ဪ အေးကွာ မင်းကို စောင့်ရင်းနဲ့ ငါ အတွေးနည်းနည်းလွန်သွားတာ” “မင်းကတော့ ကွာသူငယ်ချင်းကို သူ့ကို အားမလို အားမရ ဖြစ်သွားပုံရသည်။ ဘာမှ ဆက်မပြောတော့……ကဲ တို့တွေက သီးသန့် အစီစဉ်ရှိတယ် အဲတော့ အိမ်ထဲဝင်ကြစို့ လာ” “ဟှောင့် လာမင်းကောထ သွားမယ် အိမ်ထဲကိုသူငယ်ချင်းက သူ့ကို လက်မောင်းမှဆွဲထူရင်း တဆက် တည်းပင် သူနှင့် တစ်ဝိုင်းထဲ ထိုင်နေသော တစ်ယောက်ကိုပါ ခေါ်လိုက်သည်။ ထိုအခါမှ သူ့ဘေးက လူကို သူအာရုံစိုက်မိတော့သည်။သူက” “အေး ကောင်းရော လာလာ အိမ်ထဲမှ ဆက်ပြောပေတော့သူ့စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသော်လည်း ဘာမှပြန်ပြောမနေတော့ပဲ သူငယ်ချင်း ခေါ်ရာသာ လိုက်လာခဲ့လိုက်သည်။

ကဲ ထိုင်ကြကွာ တို့ သူငယ်ချင်းတွေ ဆုံတုန်း အေးဆေး စကား ပြောတာပေါ့” “ဒါနဲ့သူက ဘယ်သူလဲ သူငယ်ချင်း ငါ သိနေသလား” “ဟား ဟား ဟား ဘယ်လိုလဲ ရဲဘော်ကြီး ခင်ဗျားက ကျုပ်ကိုတောင် မမှတ်မိရအောင် ခင်ဗျား မှတ်ညဏ်တွေ ဘယ်မှာသိမ်းထားခဲ့လဲဗျ” “ဟာ ကိုအုန်း မင်းက ငအုန်းပဲ ကြည့်စမ်း  မင်းကို တကယ်မမှတ်မိဘူး ဆောရီးကွာ တကယ် တောင်းပန်ပါတယ်” “အေးပါကွာ ငါက မင်းကိုစရောက်ကတည်းက သိတယ် မင်းငါ့ကို မမှတ်မိမှန်းသိလို့ တမင် နှုတ်မဆက်ပဲ ထိုင်နေတာ” “အေးကွာ မင်း တော်တော်ပြောင်းလဲသွားတယ် ငါ လုံးဝ မမှတ်မိဘူး” “မင်းကတော့ ငယ်ရုပ်ကို မပျောက်တာ အရင်ကလဲ ဒီပုံ ခုလဲဒီပုံပဲ” “အေးကွာ တို့တွေ မဆုံကြတာ နှစ်တွေမှ မနည်းတော့တာပဲလေသူ ငအုန်းဟု သူတို့ ခေါ်ကြသော သူငယ်ချင်း ကိုအုန်းကို ဖက်လိုက်ရင်း မှ သက်ပြင်းကို လေးပင်စွာချမိသည်။ ဟုတ်သည် သူငယ်ချင်းတွေကို သူ အဆက်အသွယ် ဖြတ်ထားသည့် နှစ်တွေ မနည်းတော့ပြီပဲ။ မဆုံဖြစ်တာကြာသော သူငယ်ချင်းကို ခပ်တင်းတင်း ဖက်လိုက်မိသည်။ကဲ ကဲ နောက်မှ ဆက်အလွမ်းသယ်ကြ ခုတော့ တို့ သူငယ်ချင်းတွေ ဆုံတုန်းလေး နည်းနည်းသောက်ရင်း စားရင်း စကားပြောရင်း ပေါ့ကွာ” “ငါ မသောက်တာကြာပြီ သူငယ်ချင်း” “ဟာ အဲလိုတော့ မရဘူး တို့ဆုံဖို့က လွယ်တာ မဟုတ်ဘူး မင်းနဲ့ငါကတော့ တွေ့ကြဦးမှာ ဆိုပေမယ့် ငအုန်းက သူ့ အလုပ်ကိစ္စပြီးရင် ပြန်မှာဆိုတော့ နောက်ရက်တွေ အေးဆေးဆုံဖို့ မလွယ်တော့ဘူး” “အိုကေလေ ဒါဆိုလဲ နည်းနည်းပေါ့” နည်းနည်းဆိုသော်လည်း များသွားသည်။ များသွားသောအခါ ယမကာလုလင်တို့၏ စည်းစိမ်ကြီးလေးပါးကို အပြည့်အဝခံစား လိုက်ကြကုန်၏။ ယာမကာ လုလင်တို့မည်သည် မင်းစည်းစိမ်ကြီးလေးပါးကို အပြည့်အဝခံစား ကြရကုန်သည်ဟူ၏။ ၎င်းတို့သည်ကား ဆက်ရတ်မင်းစည်းစိမ်၊ မေျာက်မင်း စည်းစိမ်၊ ဝက်မင်းစည်းစိမ်၊ လင်းဒမင်းစည်းစိမ်ဟူသသတ်။ ဤတို့ဖြင့် သူလဲ သူငယ်ချင်း ကောင်းမှု အကြောင်းပြု၍ စည်းစိမ်နှစ်ပါးအတူတကွခံစားကြပြီးလျှင် အချိန်မတော် သန်းခေါင်ကျော်မှ နှုတ်ဆက်ခွဲခွာခဲ့ပြီး သကာလ ဘူမိဗိမ္မာန်နေရာမှန်၌ တတိယ စည်းစိမ်ကို တဝကြီးခံစားလိုက်ပေတော့သည်။

******************

နံနက်ခင်းတွင် ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းအဖြစ် အုပ်စုလိုက်အပြေးလေ့ကျင့်ပြီးနောက် သူတို့ သင်တန်း တည်ရှိရာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ထို့နောက် တန်းစီကွင်း၌ ပြန်လည်သတင်းပို့ပြီး ယမန်နေ့ တာဝန်ကျ တာဝန်မှုးထံမှ ယနေ့ တာဝန်ကျသော သူက တာဝန်လွှဲအပ်ယူလိုက်သည်။ ၎င်းနောက်အဖွဲ့များကို တန်းဖြုတ်ခွင့်ပြုလိုက်ပြီး သူလဲ သူအိပ်ဆောင်သို့ ပြန်ဝင်လာခဲ့သည်။ ခေတ္တခဏ နားလိုက်ပြီး နံနက်ခင်းစာ စားသုံးရန် စားသောက်ခန်းမတို့ သူထွက်လာခဲ့သည်။ စားသောက်ခန်းတွင် သင်တန်းသားများ စနစ်တကျရှိစေရန် သူစီမံရဦးမည်။ ခွဲမှူးတစ်ယောက်၏ တစ်ရက်တာ တာဝန်များက လွယ်ကူသည်တော့ မဟုတ်။ သူတို့ သင်တန်းတွင် သင်တန်းသား (၂၅) ယောက်ရှိပြီး အိပ်ဆောင် သုံးဆောင် ခွဲထားသည်။ အိပ်ဆောင်ဘေးတွင် တန်းစီကွင်းရှိပြီး ကွင်းတစ်ဖက်တွင် အမျိုးသမီး သင်တန်းအိပ်ဆောင်ရှိသည်။ အိပ်ဆောင် () ဆောင်တွင် ()ယောက်စီနေကြရသည်။ အိပ်ဆောင်တွင် စည်းကမ်းတကျရှိစေရန် ()အဖွဲ့မှ ဂျူတီဇယား အလိုက် တာဝန်ကျသော သင်တန်းသား ()ဦးက တာဝန်ယူရသည်။ ()ဆောင်လုံးတွင်ရှိသော (၂၄) ယောက်အား အုပ်ချုပ်သူ တစ်ယောက်ရှိသည်။ ထိုသူက အမျိုးသား အဆောင်အားလုံးအတွက် အုပ်ချုပ်သူဖြစ်သည်။  ထိုတစ်ယောက်ကိုကား သင်တန်း စတင်သည့်နေ့တွင် သူတို့အားလုံးမှ မဲပေးရွေးချယ်ကာ တာဝန်ပေးအပ်ထားသူဖြစ်သည်။ ၎င်းဖွဲ့စည်းပုံ အတိုင်းပင် အမျိုးသမီး အိပ်ဆောင်ကိုလည်း ဖွဲ့စည်းထားသည်။ ဒီဖွဲ့စည်းပုံအတိုင်း အိပ်ဆောင်များတွင် ဖွဲ့စည်းထားပြီး သင်တန်းစည်းကမ်း၊ စားသောက်ဆောင်၊ ကိုယ်လက်သန့်စင်ရာနေရာများနှင့် တစ်နေ့တာ ကိစ္စကို တာဝန်ယူရန်အတွက် သင်တန်းသားအားလုံးထဲမှ နေ့စဉ် တာဝန်မှူး(ခွဲမှူး)တာဝန်ကို ထမ်းဆောင်စေသည်။ဒီနေ့အတွက်တော့ ထိုကိစ္စအဝဝ အားလုံးကို သူတာဝန်ယူရသည်။ စားသောက်ဆောင်အတွက် လိုအပ်အရာတစ်ချို့ကို စားဖိုဆောင်မှ လူတစ်ချို့နှင့် ပြင်ဆင်ပြီးတော့ နံနက် ခုနှစ်နာရီထိုးရန် ငါးမိနစ်အလို သူ ခရာ တစ်ချက်မှုတ်လိုက်သည်။ နံနက်စာ စားချိန်က ခုနှစ်နာရီဖြစ်သည်။ စားဆောင်ဝင်နေရာယူပြီး ခုနှစ်နာရီအတိသင်တန်း သတိ သစ္စာအဓိဌာန်ဆို” “ငါတို့သည် နိုင်ငံတော်မှ ကျွေးမွေးသော ထမင်းနှင့် ဟင်းလျာများကို စားသုံးရသည့်အတွက် နိုင်ငံတော်၏ သစ္စာကို စောင့်သိပါမည်” “တန်းထိုင်ဒီသင်တန်းက ထူးခြားသည်။ တန်းစီရင် သစ္စာဆိုရသည်။ ထမင်းစားလဲ သစ္စာဆိုရသည်။ သင်တန်း တစ်ခုလုံးကို စနစ်ကျစွာ ပြင်ဆင်ထားပြီး သင်ခန်းစာများမှာလဲ စုံလင်လှသည်။ ပင်လဲပင်ပန်းသည် အတွေ့အကြုံနှင့် ပညာလဲအများကြီးရသည်။ ပင်ပန်းသလောက် စိတ်ကျေနပ်စရာအပြည့် ပျော်ရွှင်ရသည်။ သင်တန်းသားများမှာလဲ ညီအကိုရင်းများသဖွယ် သံယောဇဉ်ကြီးကြသည်။ သင်တန်းသားများ အားလုံးထဲ သူနှင့် အတွဲအများဆုံးသူငယ်ချင်းနှစ်ယောက်ရှိသည်။တစ်ယောက်က သူနှင့် အိပ်ဆောင်တစ်ခုတည်းဖြစ်ပြီး အသက်ချင်းလဲ ရွယ်တူဖြစ်သည်။ သူ့နာမည်က လင်းဝေ ။ နောက်တစ်ယောက်တော့ အဆောင်()က ဖြစ်ပြီး နာမည်ရင်းက မောင်မောင်ကျော် သို့သော် သူတို့က ကိုအုန်း ပဲခေါ်ကြသည်။ တစ်ခါတစ်လေတော့ ငအုန်းဟုခေါ်သည်။ ထို့သို့ ခေါ်ကြသည်ကလည်း သူ့အကြောင်းနှင့်သူ နည်းနည်းတော့ ရယ်စရာကောင်းသည်။ သူတို့ သင်တန်းက စနေနေ့ဆိုလျှင် နေ့လည်တစ်ပိုင်း နားခွင့်ပြီး တနင်္ဂနွေနေ့တွင် တစ်နေကုန် အနားရသည်။ နားရက်ရချိန်တွင် ပြင်ပ ထွက်ခွင့်တောင်း၍ လည်လို့ရသည်။ အိမ်နီးသူများက စနေည ပြန်အိပ်ကြသည်။ အဝေးမှ လာသူများကတော့ မြို့ထဲထွက် လည်ကြပတ်ကြသည်။ တစ်ချို့သော မိဘများကတော့ သူတို့ပဲ သင်တန်းတွင် လာတွေ့ကြသည်။ သင်တန်းစပြီး ပထမဆုံးနားရက် တနင်္ဂနွေနေ့တွင် မောင်မောင်ကျော်၏ မိဘများ လာကြသည်။ သူ အဖေနာမည်မှာ ဦးအုန်းကျော် ဖြစ်ပြီး သူ့အမေက ကိုအုန်းဟု ခေါ်သည်။ သူ့ အဖေ ဘာပြောပြော သူ့အမေက ကိုအုန်း သဘော ကိုအုန်း သဘော သာ ပြန်ပြောတက်သည်။ သူ့တို့ ပြန်သွားကြသောအခါ မောင်မောင်ကျော် ကို ကိုအုန်းသဘော ကိုအုန်း သဘော နှင့် စကြနောက်ကြရင်း နာမည်ရင်းပျောက်၍ ကိုအုန်းဖြစ်လာသည်။ သူတို့ကတော့ ငအုန်း ဟု ခေါ်ကြသည်။ အမှတ်တရ အတိတ်ဆိုသည် မေ့ဖျောက်လို့ ရနိုင်စကောင်းလား။

******************

        ဒေါက် ဒေါက် ဒေါက်ဆရာ ဆရာတံခါးကို ဆက်တိုက်ခေါက်သံနှင့်အတူ ခေါ်သံက တစ်ဆက်တည်း သူ့နားထဲတိုးဝင် လာသည်။ဟေ လာပြီ လာပြီသူအသံပြန်ပြုရင်း အိပ်နေရာမှ ကပြာကယာထလိုက်ပြီး နံရံမှ နာရီဆီသို့ အကြည့်က ရောက်သွားသည်။ အလို ခုနှစ်နာရီတောင် ထိုးနေပါလား သူတော်တော်အိပ်ပျော်သွားသည်ပဲ။  ညက မတွေ့တာ ကြာသော သူငယ်ချင်း ကောင်းမှုကြောင့် သူ သောက်မိလိုက်သည်။ သောက်မိတော့ များသွားသည်။ များသွားတော့ ခုမနက်မှာ လင်းဒမင်းစည်းစိမ်ကို ကောင်းကောင်းခံစားရတော့သည်။ မနေ့ညက သူတို့ သုံးယောက် စကားတွေ အများကြီး ပြောဖြစ် ကြသည်။ အကြောင်းအရာ တော်တော်များများက သူတို့ ဆုံတွေ့ကြ တက်ခဲ့ကြရသော သင်တန်းကြီးအကြောင်းနှင့် သူတို့ ၏ သင်တန်းသား အတွေ့အကြုံတွေဖြစ်သည်။ အမှတ်တရတွေက ပြောမကုန်အောင်များလှသည်။ ပျော်စရာတွေလဲပါသည်။ စိတ်ညစ်စရာလဲ များသည်။ တစ်ဦးနှင့် တစ်ဦး ချောက်ချကြသည်။ ပြိုင်ကြ ဆိုင်ကြသည်။ သင်ရသည့် သင်ခန်းစာတွေကလဲ စုံလင်လှသည်။ ဘာသာရပ်တွေ အကုန်လုံးက သူတို့၏ လက်တွေ့ဘဝတွင် လျှောက်လှမ်းသွားမည့် ပန်းတိုင်ဆီသို့ အောင်မြင်စွာ ပို့ဆောင်ပေးမည့် အထောက်အပံ့တွေ ဖြစ်သည်ဟု သူတို့ ယုံကြည်ကြသည်။

*******************

            နံနက်စာ စားပြီးနောက် သူတို့ သင်တန်းခန်းမရှေ့တွင် ထိုင်ကြသည်။ ရှစ်နာရီဆို သင်တန်းခန်းမ ဝင်ကြရမည်။ ဒီနေ့ သင်ခန်းစာက သဘာဝဘေးအန္တရာယ်တွေ အကြောင်းဖြစ်သည်။ လာသင်မည့် ဆရာတွေက ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဌာန မှ ဟု သိရသည်။ နောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဆရာများလဲ လာမည်။ နောက် မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ လဲလာမည် ဆို၏။ ဒီသင်တန်းက စိတ်ဝင်စားစရာ ကောင်းသည်။ သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို သူဖတ်ကြည့်ပြီး မှတ်ထားသည်။ ထိုအချက်များထဲတွင် ဤသင်တန်းကို တက်ရောက်ပြီးသော သင်တန်းသားများသည် နောင် အနာဂတ်တွင် မိမိတို့ ဝါသနာ အရသော်လည်းကောင်း၊ ခြေအနေတစ်ခုအရသော် လည်းကောင်း စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရန် ရွေးချယ်ရာတွင် သို့မဟုတ် လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေနိုင်မည် အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည် ဟု ပါရှိသည်။ ထိုရည်ရွယ်ချက် အတိုင်းပင် သင်ပေးသော သင်ခန်းစာ စီမံချက်ကလဲ ရှုထောင့်စုံသည်။ သူတို့ ရှေးဦးပြုစုခြင်း ပညာရပ်များနှင့် ကင်းထောက် ပညာရပ်များကိုလဲ သင်ကြားရသည်။ ညနေဖက်တွင်မှု အခြေခံ စစ်ရေးပြ ပညာရပ်များလဲ သင်ရသည်။ စစ်ရေးပြသင်ကြားရသည်ဆိုသော်လည်း စစ်တိုက်ရန်အတွက် စစ်ဆင်ရေး ပညာမဟုတ်။ စည်းကမ်းရှိစေရန်၊ အမိန့်နာခံတတ်ရန်၊  ဇွဲလုံ့လ ဝိရိယရှိရန်၊ လျှင်မြန်ဖျတ်လတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်သင်ကြားခြင်းဖြစ်သည်။ စစ်ရေးပြ အခြေခံနှင့် ရှေးဦးပြုစုခြင်း ပညာရပ်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လာရောက်သင်ကြားပေးခြင်း ဖြစ်ပြီး ကင်းထောက် သင်ခန်းစာများကို မြန်မာနိုင်ငံ  ကင်းထောက်အဖွဲ့မှ လာသင်ပေးခြင်းဖြစ်သည်။ သင်ခန်းစာများမှာ အလွန်တန်ဖိုးရှိလှသည့် အပြင် နည်းပြဆရာများ၏ အတွေ့အကြုံများကလဲ စိတ်ဝင်စားစရာ ကောင်းလှသည်။ သူတို့ သင်ကြားပေးသော သင်ခန်းစာများကို သူအလေးအနက်ထား မှတ်သားထားသည်။ တော်တော်များများကို သူမှတ်မိနေသည်။ သူ့တွင် စာကျက်သော အလေ့အထမရှိ။ စာကို မှတ်သည်။ စာရွက်မှာ သူ မရေး သူ့ဦးဏှောက်တွင် စွဲနေအောင် ရေးတတ်သည်။ ထိုအကျင့်ကြောင့် သူ သင်ရသည်ကို သူကောင်းစွာ မှတ်မိနေသည်။ စာတွေ့တွေကို မှတ်ထားတတ်သလို လက်တွေ့ပိုင်းများကို သူ သေချာလေ့လာသည်။ လေ့ကျင့်သည်။ ဒီပညာရပ်တွေသည် သူ့အတွက် တန်ဖိုးရှိကြောင်း သူသိသည်လေ။ 


Comments

Popular posts from this blog

ကျွန်တော်နှင့် မူးယစ်ဆေးဝါး အန္တရာယ်